19 December, 2014

Huawei Honor Hol-U10 အတွက် ယူနီကုဒ်ဖောင့် ထည့်နည်း။

Huawei Honor Hol-U10 အတွက် ယူနီကုဒ်ဖောင့် ထည့်နည်း။
iFont နဲ့ Padauk-book.ttf ကို install လုပ်ပါ။
Theme Manager မှာ Padauk-book.ttf ကို ရွေးပါ reboot လုပ်ကြည့်ပါ။
မရပါက အောက်ကအတိုင်း ထပ်လုပ်ကြည့်ပါ။
================
/system/etc/ အောက်က
fallback_fonts.xml
fallback_fonts-ja.xml
ဒီဖိုင် ၂ ခုမှာ အောက်က ကုဒ်တွေထည့်ပါတယ်...
^<family>
^<fileset>
^<file>
Padauk.ttf
^</file>
^</fileset>
^</family>
/system/fonts/ အောက်မှာ အပေါ်က ပါတဲ့ ဖောင့်တွေ ထည့်ရပါတယ်။

ပြီးရင် Theme manager ထဲသွားပြီး default font style မှာ ကိုယ်ကြိုက်တဲ့ဖောင့်ကိုရွေးပေးပြီး restart 

ချရပါတယ်။
Credit to  Kyaw Zwa Thant

18 December, 2014

ခြိမ်းခြောက်မှုကြောင့် ဆိုနီ ရုပ်ရှင် မိတ်ဆက်ပွဲ ပယ်ဖျက်ရ

The Interview ရုပ်ရှင် ပြမယ့် ရုံတွေကို ဟက်ကာတွေက ခြိမ်းခြောက်ထား

ကွန်ပျူတာ ဟက်ကာ တွေရဲ့ ခြိမ်းခြောက် မှုတွေကြောင့် မြောက်ကိုရီးယား ခေါင်းဆောင်ကို သရော်ထားတဲ့ The Interview ရုပ်ရှင် နယူးယောက် မြို့မှာ မိတ်ဆက် ပြသမယ့် ပွဲကို ပယ်ဖျက် လိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို လုပ်ကြံတဲ့ အကြောင်း ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ အဲဒီ ဟာသ ရုပ်ရှင်ကို အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ တခြား ရုပ်ရှင်ရုံ အတော်များများ ကလည်း ပြသမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အဲဒီ ရုပ်ရှင်ရဲ့ သရုပ်ဆောင်တွေ ဖြစ်တဲ့ James Franco နဲ့ Seth Rogen တို့ကိုလည်း လုံခြံုရေး အခြေအနေကြောင့် ရုပ်ရှင် မိတ်ဆက်ပွဲ မလုပ်မီမှာ လူကြားထဲကနေ ခေါ်ထုတ် သွားရတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ကွန်ပျူတာ ဟက်ကာတွေဟာ အများပြည်သူကိုလည်း ဒီဇာတ်ကား ပြမယ့် ရုပ်ရှင် ရုံတွေကနေ ဝေးဝေး နေကြဖို့ သတိပေးခဲ့ပါတယ်။

အစောပိုင်းကလည်း ဒီဇာတ်ကား ရိုက်ကူး ထုတ်လုပ်တဲ့ ဆိုနီ ရုပ်ရှင် ကုမ္ပဏီကို ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခု ပြုလုပ် ခဲ့ပါသေးတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141217_the_interview_premiere_cancelled

17 December, 2014

ရွှေပြည်သာမြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

ရွှေပြည်သာမြို့နယ်တွင် ပလပ်စတစ်ပုံးပေါ်သို့ ဖယောင်းတိုင် မီးထွန်းထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

၁၇.၁၂.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ပေါ်တော်မူလမ်းရှိ ကျူးကျော်တဲတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ရွှေပြည်သာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါ ကျူးကျော်တဲနေ ဒေါ်ရွှေမိ၊ (၄၁)နှစ်သည် နေအိမ်တဲအတွင်း ပလပ်စတစ် ရေပုံးပေါ် တွင် ဖယောင်းတိုင်မီးအား ထွန်းထားခဲ့ပြီး အသက်(၃)နှစ်နှင့် (၆)နှစ်အရွယ် သား(၂)ဦးနှင့်အတူ အိပ်ပျော်နေစဉ် ၀၀၃၅ အချိန်ခန့်၌ ဖယောင်းတိုင် မီးစာကုန်သွားပြီး ပလပ်စတစ်ပုံးအား မီးစတင် လောင်ကျွမ်းခဲ့ရာမှ ၀ါကြမ်းခင်းအားကူးစက်ပြီး နေအိမ်အား မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်မှ ၀ုိင်းဝန်းငြိှမ်းသတ်ခဲ့၍ ၀၀၄၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့မီးလောင်မှု ဖြစ်ပွားစဉ် ၎င်း၏(၃)နှစ် အရွယ်သားငယ်မှာ မီးလောင်ခံရကာ သေဆုံးသွားပြီး (၆)နှစ်အရွယ်သားဖြစ်သူမှာ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာ များရရှိခဲ့သည့်အပြင် ဒေါ်ရွှေမိတွင်လည်း ယာလက်မောင်း၌ မီးလောင်ဒဏ်ရာ ရရှိခဲ့ပါသည်။

ယင်းသို့ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ရွှေမိအား ရွှေပြည်သာမြို့မ ရဲစခန်း (ပ)၈၅၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅/ ၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

မြန်မာလွှတ်တော်အမတ်တွေ လူထုထိတွေ့မှု နည်း

လွှတ်တော် ရပ်နားထား ချိန်ကာလမှာ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ သူတို့ရဲ့ မဲဆန္ဒနယ်ကို ပြန်လည် ဂရုစိုက်ပြီး သွားလာတဲ့ အပိုင်းဟာ အင်မတန်မှ နည်းနေတယ်လို့ ပြည်တွင်းက လွှတ်တော် လေ့လာစောင့်ကြည့်ရေး အဖွဲ့က အမှုဆောင် ဒါရိုက်တာ တဦးက ပြောပါတယ်။

ဒီလိုမျိုး ကိုယ်မဲဆန္ဒနယ်ကို လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်ပြီး လှည့်မကြည့်ကြတာဟာ ငွေကြောင့်လား၊ သူတို့ရရှိတဲ့ အချိန်ကြောင့်လား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အများစုအနေနဲ့ သူတို့မဲဆန္ဒနယ်တွေ ပြန်ပြီး ဘာကြောင့် လှည့်မကြည့်နိုင်သလဲ ဆိုတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့မဲဆန္ဒနယ်တွေ ပြန်ပြီးတော့ ကွင်းဆင်းတာ၊ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့တာမျိုးတွေ လုပ်တဲ့အပိုင်းမှာ သိသိသာသာ အားနည်းနေတယ်လို့ ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့ OMI ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုအေးကျော် က ဗွီအိုအေကို ပြောပါတယ်။

“ပြောလို့ရတာတခုကတော့ ရှိတယ်ဗျာ။ လွှတ်တော်ကိုယ်စားလှယ်အများစုဟာ ဒီလိုမျိုး လွှတ်တော်ရပ်နားတဲ့ အချိန်တွေမှာ သူတို့ရဲ့ မဲဆန္ဒနယ်တွေက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံတာကတော့ အရမ်းကို အားနည်းပါတယ်။ အရမ်းကို အားနည်းပါတယ်။ အဲ့ဒါတော့ ကျနော်တို့ တွေ့ပါတယ်။”

လက်ရှိအချိန်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ရပ်နားထားချိန်ဖြစ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် အများစုဟာ သူတို့ရဲ့မဲဆန္ဒနယ်တွေကို အချို့က သွားကြသလို၊ အချို့ကလည်း မဲဆန္ဒနယ်တွေ ပြန်နေတာမျိုးတော့ မတွေ့ရပါဘူး။

အာဏာရပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် အချို့ကတော့ သူတို့ရဲ့မဲဆန္ဒနယ်တွေကို ပြန်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကိုတော့ တွေ့ရပါတယ်။ ဒါပေမဲ့ အတိုက်အခံပါတီ အမျိ်ုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် အချို့ကတော့ သူတို့ရဲ့မဲဆန္ဒနယ်တွေ ပြန်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တာ၊ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံတာမျိုးတွေ လုပ်တာတော့ မတွေ့ပါဘူး။

မဲဆန္ဒနယ်တွေကို ပြန်ပြီးတော့ ပြည်သူနဲ့တွေ့တာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်တာဟာ အချိန်ရယ် ငွေရယ်နဲ့ အဓိက သက်ဆိုင်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ညာဏစိုးက အခုလို ပြောပါတယ်။

“အဓိကအားဖြင့်တော့ time factor နဲ့ ဒီဒီ money factor လို့ပဲ ကျနော်တို့ကတော့ ပြောချင်ပါတယ်။ ဟိုဟာပေါ့နော် additional အနေနဲ့ ပြောရရင်တော့ အဲ့ဒါကတော့ တကယ့်တကယ်တော့ဗျာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီဆိုကတည်းက MP လေ ဟုတ်တယ်မို့လား representative တခုခုကို represent လုပ်ထားတဲ့အခါကျတော့ ကိုယ့်ရဲ့ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်ကိုတော့ ဟိုဟာပေါ့ အလေးမထားဘဲ ဒါကတော့ စိတ်ဓာတ်ရေးရာပိုင်းပေါ့နော် အလေးထားဖို့ သင့်တယ်ပေါ့ဗျာ။ ဒါကတော့ additional ပြောတာပါ။ အဲ့လို လွှတ်တော်ကိုယ်စားလှယ်မျိုး ရှိတယ်လို့တော့ စွပ်စွဲတာမျိုးတော့ မဟုတ်ပါဘူး။”

လွှတ်တော်ရပ်နားထားတဲ့အချိန် ကိုယ်ရဲ့မဲဆန္ဒနယ်ကို ပြန်ပြီး ကိုယ့်ကို မဲပေးထားတဲ့ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတယ်လို့ လက်ရှိအချိန်မှာ သူ့ရဲ့မဲဆန္ဒနယ် ဂန့်ဂေါကို ပြန်ရောက်နေတဲ့ အာဏာရပါတီ ပြည်ခိုင်ဖြိုးရဲ့ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

“ကျနော်တို့လို လွှတ်တော်ကိုယ်စားလှယ်တယောက်ရှိတာဟာ ထိုက်တန်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ဖို့တော့ လိုတာပေါ့။ အလကားနေရင်း လွှတ်တော်ကိုယ်စားလှယ် ရှိနေပြီးတော့ အဲ့ဒီဒေသကို ဖွံ့ဖြိုးတိုးတက်ရေးကို မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ အဲ့ဒီလွှတ်တော်ကိုယ်စားလှယ် ရနေတာဟာ မရတာနဲ့ ဘာမှမထူးပါဘူးဗျာ။”

အခုအချိန်ဟာဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့လည်း နီးနေတဲ့အချိန် ရောက်ပြီဖြစ်တဲ့အတွက် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့မဲဆန္ဒနယ်တွေကို ပြန်ဖို့ အရေးတကြီး လိုအပ်နေသလို၊ ပြည်ခိုင်ဖြိုးပါတီလို ငွေကြေးပိုင်း မတောင့်တင်းတာကတော့ ခြွင်းချက်အနေနဲ့ ပြောစရာရှိတယ်လို့ မြန်မာ့အရေး လေ့လာ အကဲဖြတ် ဒေါက်တာ ရန်မျိုးသိမ်း က ပြောပါတယ်။

“ငွေရေးကြေးရေးပေါ့လေ နောက် ရန်ပုံငွေ အကျပ်အတည်းကြောင့်လည်းဖြစ်နိုင်တယ်။ နောက်ပြီးတော့ အခြားပေါ့လေ အခက်အခဲ အချို့ကြောင့်လည်းပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျနော့်ရဲ့အမြင်ကတော့ ဘယ်လိုအကြောင်း ဘယ်လိုအခက်အခဲဘဲရှိရှိ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်တွေကို ကိုယ်တိုင်သွားရောက် ကိုယ်တိုင်ဆင်းပြီးတော့ မဲဆန္ဒရှင် ပြည်သူလူထုကြီးအနေနဲ့ တွေ့ရှိဖို့ဟာ နိုင်ငံရေးအရ အတော့်ကို အရေးကြီးတယ်လို့ ကျနော်က မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲပြန်ပြီးလုပ်ဖို့ အလားအလာတွေ မြင့်မားနေတဲ့ အခြေအနေမျိုးမှာ သက်ဆိုင်ရာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံတာဟာ နိုင်ငံရေးအရရော၊ ဗျူဟာမြောက် စဉ်းစားမှုအရရော အရေးပါတယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ။”

လက်ရှိအချိန်မှာတော့ ပြည်သူ့လွှတ်တော်မှာ အရပ်သားကိုယ်စားလှယ် ၃၃၀ ဦး ပြီးတော့ အမျိုးသားလွှတ်တော်မှာ အရပ်သားကိုယ်စားလှယ် ၁၆၈ ဦး ရှိပြီးတော့၊ အာဏာရ ပြည်ခိုင်ဖြိုးပါတီ ပြီးရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယအင်အားအကြီးဆုံး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တတိယ အင်အားအများဆုံးနဲ့ လွှတ်တော်ကိုယ်စားလှယ် အသီးသီးရှိနေတာလည်း ဖြစ်ပါတယ်။

အောင်ရဲ မောင်မောင် / ဗွီအိုအေ  (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2561379.html

နတ်တလင်းမြို့နယ် ရေမွှေးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


ပါကစ္စတန် စာသင်ကျောင်း အတိုက်ခံရ၊ ၁၄၁ ဦး သေ

သေဆုံး ဒဏ်ရာရသူ အများစုက ကျောင်းသားငယ်တွေ ဖြစ်

ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်းက ပက်ရှ်ဝါ ဒေသမှာ စာသင်ကျောင်း တစ်ကျောင်းကို တာလီဘန်တွေ ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့ကြတဲ့အတွက် ကျောင်းသား ကလေးငယ် အများစု ဖြစ်တဲ့ လူ ၁၄၁ ယောက် သေဆုံး ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စစ်တပ်က ဖွင့်ထားတဲ့ အဲဒီ ကျောင်း အဆောက်အဦကို ဝင်ရောက် တိုက်ခိုက်တဲ့ စစ်သွေးကြွ ရ ယောက်လုံး သေဆုံး ခဲ့ပြီး အဲဒီ အထဲက တစ်ယောက်က အသေခံ ဖောက်ခွဲ တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်မှာ ဖြစ်ခဲ့တဲ့ စစ်သွေးကြွ တွေရဲ့ တိုက်ခိုက်မှုတွေ အတွင်း လူတွေ ထောင်နဲ့ချီ သေဆုံး ခဲ့ရပြီး ဖြစ်ပေမယ့် အခု တိုက်ခိုက်မှုကတော့ အဆိုးရွားဆုံး ဖြစ်ပါတယ်။

စစ်သွေးကြွတွေဟာ ကျောင်းသားတွေကို ဓားစာခံ အဖြစ် ဖမ်းဆီးဖို့ ရည်ရွယ်ပုံ မရဘဲ များနိုင်သမျှ များများ သတ်ဖြတ်ဖို့သာ ရည်ရွယ်ခဲ့ပုံ ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မြောက်ဘက် ဝါဇီရစ္စတန် ဒေသနဲ့ ခိုင်ဘာ ဒေသတွေမှာ တာလီဘန်တွေ အပေါ် ထိုးစစ် ဆင်နေတာကို လက်တုန့်ပြန်တဲ့ အနေနဲ့ အခုလို တိုက်ခိုက်ခဲ့တာလို့ တာလီဘန်တွေက ကြေညာ ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141216_pakistan_taliban_kill_126

စားသုံးရန်မသင့်သော အေးခဲအသားများ မီးရှို့ဖျက်ဆီး



ရန်ကုန် ဒီဇင်ဘာ ၁၆

Mobile Team (လရ-၁)အဖွဲ့သည် နောင်ချိုမြို့ Asia World တိုးဂိတ်အနီးအခြေပြုလျက် တရား မဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေးနှင့် စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ၁၂ ရက်တာကာလအတွင်း ဖမ်းဆီး ရမိမှု အမှုတွဲ ၄၄ မှုရှိခဲ့ပြီး ဖမ်းဆီး ရမိခန့်မှန်းတန်ဖိုး ၅၉၄ သိန်းကျော် ရှိခဲ့သည်။

အဆိုပါပစ္စည်းများ အနက် အများပြည်သူများစားသုံးရန် မသင့်သည့် ကျန်းမာရေးဝန်ကြီးဌာန Asia World ထောက်ခံချက်မရှိသော စား သောက်ကုန်များ တန်ဖိုး ၂၁၂ သိန်းကျော်အပါအဝင် ဖမ်းဆီးရမိ တန်ဖိုး၏ သုံးပုံတစ်ပုံကျော်ပါဝင်နေ သည်ကို တွေ့ရှိရသည်။

ထို့ကြောင့် အများပြည်သူကျန်းမာရေးအတွက် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တား ဆီးဖျက်ဆီးခဲ့သော စားသောက်ကုန် များမှာ အေးခဲကြက်ဆီဘူးများ၊ အေးခဲအသားတုများ (ဒေသအခေါ်) ပင်လယ်စာ၊ အစပ်ချောင်း၊ ကြက်အူ ချောင်းများ၊ ကြာရှည်ခံစေရန်ပြုလုပ် ထားသည့် အသီး၊ အရွက်၊ ချဉ်ဖတ် အမျိုးမျိုးနှင့် ကြက်မြစ်ကြက်သဲများ ဖြစ်သည်။

မြန်မာလူမျိုးများအနေဖြင့် ကြက် အသဲအမြစ်ကို တန်ဖိုးထားစားသုံး သည့်အပြင် ကြက်ဆီဘူးကိုလည်း နှစ်သက်စွာ စားသုံးလေ့ရှိကြပါ သည်။ နိုင်ငံတကာမှာ အသား သန့်သန့်ကိုသာစားသုံးကြပြီး ဝမ်း တွင်းသားဖြစ်သည့် အသဲအမြစ်၊ ကလီစာ၊ ဆီဘူးတို့ကို အညစ်အကြေး ပစ္စည်းအဖြစ်သတ်မှတ်ပြီး စွန့်ပစ်ကြ သည်ဟု သိရပါသည်။ အခြားနိုင်ငံ များက စွန့်ပစ်ပစ္စည်းများကို မြန်မာ တို့ တန်ဖိုးထားစားသုံးနေခြင်း သည် ကျန်းမာရေးနှင့် လျော်ညီမှု မရှိပါဟု တာဝန်ရှိသူတစ်ဦးထံက သုံးသပ်ပြောကြားပါသည်။

ကျော်မြင့်အေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

16 December, 2014

တရုတ်ရဲက မသင်္ကာသဖြင့် ရှာဖွေရာမှ မြန်မာနိုင်ငံသား အလောင်းတွေ့ရှိ


လားရှိုး ဒီဇင်ဘာ ၁၅

တရုတ်နိုင်ငံ ဝမ်တိန်တံတားထိပ်တွင် မသင်္ကာဖွယ်ရာ မော်တော်ယာဉ်ကို စစ်ဆေးရာမှ မြန်မာနိုင်ငံသားတစ်ဦး၏အလောင်းတွေ့ရသည် ဟု ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ တွင် တရုတ်နိုင်ငံ ရွှေလီမှုခင်းတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ် အကြောင်းကြားခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ရဲတပ်ဖွဲ့ကတရုတ် နိုင်ငံရွှေလီမြို့ ဆေးရုံတွင်ရှိနေသော အသက် (၅၅ နှစ်)အရွယ်ရှိ မြန်မာအမျိုးသားအလောင်းကို သွားရောက်အတည်ပြုခဲ့ရာ လားရှိုးမြို့နယ်မြေ ရဲစခန်းမှ လူပျောက်တိုင်ကြားထား သူဖြစ်သည်ဟု သိရသည်။ သေဆုံးသူ မှာ လားရှိုးမြို့ ရပ်ကွက်(၂) နယ်မြေ (၆)ပုဂံလမ်းအမှတ်(၁၂)တွင် နေထိုင်သူ ဦးမျိုးမြင့် (၅၅ နှစ်)ဖြစ်ပြီး လားရှိုး မြို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ လားရှိုးမြို့တွင် Happy Time ကစား ရုံလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး တင်ဖေဝင်းက ပြောသည်။

သေဆုံးသူ ဦးမျိုးမြင့်ထံသို့ ဒီဇင်ဘာ ၁ဝ ရက်က တရုတ်နိုင်ငံသားသုံးဦးရောက်လာပြီး တရုတ်စကားပြန်ဖြင့် စကားပြောကြရာ ၄င်းတို့မှာ ရွှေလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ကြောင်း၊ ဦးမျိုးမြင့်အား လုပ်ငန်းရှယ်ယာပါဝင်လုပ်ကိုင်လိုခြင်း ရှိ ၊မရှိ မေးရာ ဦးမျိုးမြင့်က မလုပ်ကိုင်လို ကြောင်းပြောဆိုခဲ့သည်ဟု Happy Time မန်နေဂျာဖြစ်သူ ကိုကျော်မြင့်သန်းက ပြောဆိုသည်ဟု သိရသည်။

ဒီဇင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီ ၂၇ မိနစ်တွင် ဦးမျိုးမြင့်သည် နေအိမ်သို့ ပြန်ရန် Happy Time မှ ပြန်လာသော်လည်း နေအိမ်သို့ပြန် မရောက်သဖြင့် ညနေ ၄ နာရီတွင် မိသားစုက စုံစမ်းရှာဖွေတိုင်ချက်ဖွင့်ခဲ့ ကြောင်း၊ ရဲတပ်ဖွဲ့က လူပျောက်မှုခင်းအဖြစ် လက်ခံပြီး နယ်မြေရဲစခန်းများသို့ ဆက်သွယ်ခဲ့ပြီး ဦးမျိုးမြင့်၏မော်တော်ယာဉ်ထွက်ရာ လမ်းပေါ်ရှိ CCTV ကင်မရာများ စစ်ဆေးရာ ဒီဇင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီ ၂၇ မိနစ်တွင် ဦးမျိုးမြင့်က ကားမောင်း ပြီး Happy Time မှထွက်သည်ကို တွေ့ရပြီးနောက် နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် ဦးမျိုးမြင့်၏ မော်တော်ယာဉ်ကို အခြားသူတစ်ဦးမောင်းနှင်ပြီး ပါဂျဲရိုးယာဉ်နှစ်စီးက ရှေ့တစ်စီးနောက်တစ်စီး ထွက်ခွာသွားသည်ကို တွေ့ရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးကပြောသည်။

ဦးမျိုးမြင့်၏ညီဖြစ်သူသည် မြန်မာအေပတ်ကုမ္ပဏီကို ၂ဝဝ၅ ခုုနှစ်မှ စတင်ပြီးတရုတ်နိုင်ငံသားများနှင့် အတူလုပ်ကိုင်ခဲ့ရာ လုပ်ငန်းမအောင်မြင်ဘဲ ဆုံးရှုံးခဲ့သဖြင့် ဦးမျိုးမြင့်တို့ဘက်မှ ငွေယွမ်သိန်း၂ဝ ကို ၂ဝ-၃-၂ဝ၁၁ ရက်တွင် စာချုပ် စာတမ်းများဖြင့်ပေးလျော်ခဲ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသားတစ်ဦးက ဦးမျိုးမြင့် ထံ ငွေကျပ်သိန်း ၃ဝဝ လာရောက် တောင်းခံဖူးသည်ဟု သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများ သည် မြန်မာပြည်သို့ တရားဝင်ဗီဇာဖြင့် လာရောက်သူများဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများမှာ တရုတ်နိုင်ငံသား များဖြစ်ခြင်း၊ တရုတ်နိုင်ငံ ဝမ်တိန် မြို့၌ဖြစ်ခြင်းတို့ကြောင့် တရုတ်နိုင်ငံတွင်သာ စစ်ဆေးရန်ရှိပြီး မြန်မာ နိုင်ငံဘက်မှ နှစ်နိုင်ငံပါဝင်ပူးပေါင်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ဦးမျိုး မြင့်ပျောက်ဆုံးရခြင်းအတွက် လားရှိုး မြို့တွင် လူပျောက်မှုဖွင့်ခဲ့ပြီးနောက် နယ်မြေစခန်းမှ ပထမသတင်းပေး ချက် အမှတ်(၁၅၈/၂ဝ၁၄)ဖြင့် အမှု ဖွင့်လှစ်ဆောင်ရွက်ကြောင်း နယ်မြေ ရဲစခန်းမှူးက ပြောသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မြန်မာနိုင်ငံမှာ လုံခြုံရေးအဆင့် တိုးမြှင့်



                                                                             အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ်
မြန်မာနိုင်ငံမှာ အကြမ်းဖက် ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှု တွေ ဖြစ်လာနိုင်တဲ့ အတွက် တနိုင်ငံလုံး လုံခြုံရေး အဆင့် အနေနဲ့ အဆင့်ငါးဆင့် သတ်မှတ်ထားတဲ့ အနက် အဆင့်သုံး သတ်မှတ် ထားတဲ့ အကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံဖြတ်ကျော် မှုခင်းတားဆီးရေး ဌာန မှ ရဲမှူးချုပ် စိုးမြိုင်က ဘီဘီစီ ကို ပြောပါတယ်။

လုံခြံုရေး အတွက် စိုးရိမ်ဘွယ်ရာ သတင်းအချက်၊ သက်သေ အထောက်အထား စတာတွေ ထက်၊ ပြောင်းလဲနေတဲ့ ဒီကနေ့ ကမ္ဘာကြီး မှာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေ ရဲ့ လှုပ်ရှားမှု တွေ ကို စောင့်ကြည့် နိုင်အောင် လုံခြံုရေး အဆင့်သုံး အထိ မြှင့်ရပုံ ကို ရဲမှူးချုပ် စိုးမြိုင်က ရှင်းပြပါတယ်။

အထူးသဖြင့် နိုင်ငံတကာ ဝင်ပေါက်ဖြစ်တဲ့ လေဆိပ်ကနေ ဝင်ကြ၊ ထွက်ကြ သူတွေ ကို စစ်ဆေးခြင်း၊ အများပြည်သူ စုရုံးတဲ့ အရေးကြီးတဲ့ နေရာ တွေ မှာ ယူနီဖေါင်းဝတ် နဲ့ရော အရပ်ဝတ် နဲ့ပါ စစ်ဆေး စောင့်ကြပ်မှုတွေ ပါဝင်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/12/141215_security_alert_myanmar