17 December, 2014

ရွှေပြည်သာမြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

ရွှေပြည်သာမြို့နယ်တွင် ပလပ်စတစ်ပုံးပေါ်သို့ ဖယောင်းတိုင် မီးထွန်းထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

၁၇.၁၂.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ပေါ်တော်မူလမ်းရှိ ကျူးကျော်တဲတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ရွှေပြည်သာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါ ကျူးကျော်တဲနေ ဒေါ်ရွှေမိ၊ (၄၁)နှစ်သည် နေအိမ်တဲအတွင်း ပလပ်စတစ် ရေပုံးပေါ် တွင် ဖယောင်းတိုင်မီးအား ထွန်းထားခဲ့ပြီး အသက်(၃)နှစ်နှင့် (၆)နှစ်အရွယ် သား(၂)ဦးနှင့်အတူ အိပ်ပျော်နေစဉ် ၀၀၃၅ အချိန်ခန့်၌ ဖယောင်းတိုင် မီးစာကုန်သွားပြီး ပလပ်စတစ်ပုံးအား မီးစတင် လောင်ကျွမ်းခဲ့ရာမှ ၀ါကြမ်းခင်းအားကူးစက်ပြီး နေအိမ်အား မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်မှ ၀ုိင်းဝန်းငြိှမ်းသတ်ခဲ့၍ ၀၀၄၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့မီးလောင်မှု ဖြစ်ပွားစဉ် ၎င်း၏(၃)နှစ် အရွယ်သားငယ်မှာ မီးလောင်ခံရကာ သေဆုံးသွားပြီး (၆)နှစ်အရွယ်သားဖြစ်သူမှာ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာ များရရှိခဲ့သည့်အပြင် ဒေါ်ရွှေမိတွင်လည်း ယာလက်မောင်း၌ မီးလောင်ဒဏ်ရာ ရရှိခဲ့ပါသည်။

ယင်းသို့ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ရွှေမိအား ရွှေပြည်သာမြို့မ ရဲစခန်း (ပ)၈၅၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅/ ၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

0 comments: