18 December, 2014

ခြိမ်းခြောက်မှုကြောင့် ဆိုနီ ရုပ်ရှင် မိတ်ဆက်ပွဲ ပယ်ဖျက်ရ

The Interview ရုပ်ရှင် ပြမယ့် ရုံတွေကို ဟက်ကာတွေက ခြိမ်းခြောက်ထား

ကွန်ပျူတာ ဟက်ကာ တွေရဲ့ ခြိမ်းခြောက် မှုတွေကြောင့် မြောက်ကိုရီးယား ခေါင်းဆောင်ကို သရော်ထားတဲ့ The Interview ရုပ်ရှင် နယူးယောက် မြို့မှာ မိတ်ဆက် ပြသမယ့် ပွဲကို ပယ်ဖျက် လိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို လုပ်ကြံတဲ့ အကြောင်း ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ အဲဒီ ဟာသ ရုပ်ရှင်ကို အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ တခြား ရုပ်ရှင်ရုံ အတော်များများ ကလည်း ပြသမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အဲဒီ ရုပ်ရှင်ရဲ့ သရုပ်ဆောင်တွေ ဖြစ်တဲ့ James Franco နဲ့ Seth Rogen တို့ကိုလည်း လုံခြံုရေး အခြေအနေကြောင့် ရုပ်ရှင် မိတ်ဆက်ပွဲ မလုပ်မီမှာ လူကြားထဲကနေ ခေါ်ထုတ် သွားရတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ကွန်ပျူတာ ဟက်ကာတွေဟာ အများပြည်သူကိုလည်း ဒီဇာတ်ကား ပြမယ့် ရုပ်ရှင် ရုံတွေကနေ ဝေးဝေး နေကြဖို့ သတိပေးခဲ့ပါတယ်။

အစောပိုင်းကလည်း ဒီဇာတ်ကား ရိုက်ကူး ထုတ်လုပ်တဲ့ ဆိုနီ ရုပ်ရှင် ကုမ္ပဏီကို ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခု ပြုလုပ် ခဲ့ပါသေးတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141217_the_interview_premiere_cancelled

0 comments: